Thursday, December 15, 2011

ဝေးသွားမှာစိုးတယ်....ဝေေ၀





တစ်ကမ္ဘာစီ ခြားမှာကြောက်လို့
မင်းအနားကို ရောက်လာခဲ့ရတာပါ...ဝေေ၀။

မင်းနဲ့အတူ စီးဆင်းဖို့က 
ရင်းနှီးခဲ့ရတာတွေကို ဘ၀လို့တန်ဖိုးသတ်မှတ်တယ်...ဝေေ၀
မာနတွေကိုခ၀ါချ အသက်ထပ်မျှချစ်ခြင်းတွေနဲ့
မင်းစီးနေတဲ့မြစ်ထဲကို ငါဆင်းလာခဲ့ရတာ...ဝေေ၀
တကယ်တော့ မင်းစီးနေတဲ့မြစ်က
ပေါ်နေရုံနဲ့မရ လှော်နေရတာမျိုး
မြုပ်မသွားအောင် လှုပ်နေရတာမျိုး
ရပ်မသွားအောင် ခတ်နေရတာမျိုး
ငါ့မာနတွေတောင် အတော်အပိုးကျိုးသွားခဲ့ပေါ့။

ပင်လယ်ကြီးထဲရောက်မှ
လှော်ခတ်ခြင်းရဲ့အလှတရားက ပြီးပြည့်စုံမှာတဲ့လား...ဝေေ၀
ငါတို့နှစ်ယောက်က ချောင်းကိုလည်းမပစ်ဘူးလေ
ပင်လယ်ကိုလည်း မချစ်ဘူးလို့မဟုတ်ဘူးလေ
စီးနေတဲ့မြစ်ထဲ ရိုင်းပင်းကျေနပ်နေကြမှာမဟုတ်ဘူးလား
အဲဒါကပဲ ငါတို့ရဲ့ဘ၀ပန်းတိုင်မဟုတ်ဘူးလား....ဝေေ၀။

လူဆိုတာ အိုတစ္ဆေကြီးပဲမို့
ရနေသမျှတော့ လိုချင်နေကြမှာပဲ...တဲ့
မင်းပြောဖူးတဲ့ စကားအလှတွေထဲမှာ
သက်ပြင်းတွေအခါခါချ  ငါမောလှပြီ...ဝေေ၀။

မြစ်တစ်ကြောင်းတည်း သွားနေပေမယ့်
ခေါင်းစဉ်တွေ ကွဲခဲ့ကြပြီလား...
ကိုယ့်အခင်းအကျင်း ကိုယ့်ရေခင်းနဲ့
လှေတစ်စင်းစီပေါ် ရောက်နေကြပြီလား
ကိုယ့်ပဲ့ကိုယ်ကိုင် ကိုယ့်တက်ကိုယ်လှော်
မိုင်တွေအတော် ဝေးကွာခဲ့ပြီလား
တစ်ခါတစ်ခါ မေးခွန်းတွေကအဖြေဖြစ်သွားတတ်တာ
အဖြေတွေက မေးခွန်းဖြစ်သွားတတ်တာ
ငါတို့ဘာသာရပ်ထဲက အလွယ်ဆုံးပုစ္ဆာတွေဖြစ်နေတော့
ထွက်လာတဲ့အဖြေတွေ မရိုးစင်းနိုင်တော့ပဲ
မာနခါးခါးတွေ ပါးပြင်ထောင်ထလာမှာစိုးတယ်....ဝေေ၀။

ကိုယ့်ရေစီးကြောင်းနဲ့ သူ့ရေစီးသံ
သူ့ရေစီးကြောင်းနဲ့ ကိုယ့်ရေစီးသံ
မတူညီတဲ့ ခံစားချက်တွေကို
တစ်ယောက်နားမှာ တစ်ယောက်ခါးမသွားအောင်
ဘယ်နှခါလောက်များ အကြည့်ချင်းပွေ့ဖက်
ငါတို့နေ့ရက်တွေကို ဆွဲဆန့်ထားနိုင်ဦးမလဲ
သက်မျှဉ်းတွေက ငါ့ရင်ကိုထုတ်ချင်းခတ်သွားပေါ့...ဝေေ၀။

တစ်ကမ္ဘာစီ ခြားမှာကြောက်လို့
မင်းအနားကို ရောက်အောင်လာခဲ့ရတာပါ...ဝေေ၀။



သစ်ခက်အိမ်

2 comments:

  1. ဒီကဗျာလေးကို တော်တော် ကြိုက်တယ်။ အော် မမဝေ....း)

    ReplyDelete
  2. "ကိုယ့်ရေစီးကြောင်းနဲ့ သူ့ရေစီးသံ
    သူ့ရေစီးကြောင်းနဲ့ ကိုယ့်ရေစီးသံ
    မတူညီတဲ့ ခံစားချက်တွေကို
    တစ်ယောက်နားမှာ တစ်ယောက်ခါးမသွားအောင်
    အကြည့်ချင်းပွေ့ဖက်
    ငါတို့နေ့ရက်တွေကို ဆွဲဆန့်ထားနိုင်..."
    ဟန်ချက်ညီသော တွဲလက်များ နှစ်တစ်ရာတိုင် ခိုင်မြဲပါစေ ဆရာ။

    ReplyDelete