Sunday, December 23, 2012

ပါးကွက်ကြားမလေး







ပါးကွက်ကြား မလေးကို ထားခဲ့လို့ မရတော့မှန်း
ခင်ဗျား သိပါတယ်။

ပါးကွက်ကြား မလေးရဲ့ အသွေးအသားကို
မသောက်မစား မယစ်မမူး ခဲ့ပါဘူးလို့ ကျိန်ဆို ကြည့်ဖို့ 
မကြိုးစား လိုက်ပါနဲ့
ခင်ဗျား ကိုယ်ထဲက မိုးကြိုးသွား တစ်စင်း ဖောက်ထွက်လာ လိမ့်မယ်။
တကယ်တော့ ပါးကွက်ကြား မလေးကို
ခင်ဗျားပေး ခဲ့တဲ့ ရဲရဲတောက် ကတိ သစ္စာတွေဟာ
စပါတာ ကပ်ခေတ်ရဲ့ အဆင် အသွေးကို အယိမ်း အနွဲ့ယူ 
မိတ္တူ ဆန်ခဲ့တယ်။
ပါးကွက်ကြား မလေးရဲ့ မျှော်လင့်ချက် ခြေလှမ်းအောက်က
မြေဆိုင် မြေသားတွေနဲ့ ခင်ဗျားရဲ့ ခမ်းနား ထည်ဝါမှုကို 
အဆောက်အဦ ဖွဲ့ခဲ့တယ်။
ခင်ဗျားရဲ့ ဂဏန်းပေါင်းစက် ပေါ်က အက္ခရာ နံပါတ်တွေရဲ့ 
မှော်ဝတ်ရုံထဲ ပါးကွက်ကြား မလေးရဲ့ အနှစ်အသား တွေကို 
မျက်လှည့် ဆန်ဆန် တန်ဖိုးဖြတ် ခဲ့တယ်။

ပါးကွက်ကြား မလေးရဲ့ ရိုးရှင်းတဲ့ ရိတ်သိမ်းမှု တွေကို
ခင်ဗျားက သူမရဲ့ မျက်စိတစ်ဆုံး ကိုကျော်ပြီး ခင်ဗျားကိုယ် ခင်ဗျား ထုပ်ပိုးခဲ့တယ်။

ခင်ဗျား ကိုယ်ထဲက ထထတောက်တဲ့ ရမ္မက် မီးတောက် တွေကလည်း
ပါးကွက်ကြား မလေးရဲ့အိမ်က လင်းကြက် တွန်သံကို ဘယ်တုန်းကမှ မစောင့် ခဲ့ဘူး။

ပါးကွက်ကြား မလေးရဲ့ ရိုးစင်းတဲ့ အသွဲ့အနွဲ့ ကိုတောင်
ခင်ဗျားရဲ့ အငယ်အနှောင်း နေရာမှာ အိမ်မဆောင်ခဲ့ မီးမပြောင် ခဲ့ဘူး။

ယုတ်စွအဆုံး
အသက်ရှု ကွဲခြင်း ဆိုတဲ့ စက်မှု ခေတ်ဦး ပုပ်သိုး သီအီုရီလို 
ခင်ဗျားနဲ့ သူမရဲ့ကြားက စည်းရိုးကို သံမဏိကြိုး နဲ့ရက်ဖို့ 
ကြိုးစား ခဲ့တယ်။
အခုတော့ ပါးကွက်ကြား မလေးဟာ ခင်ဗျား စိတ်တိုင်းကျ 
မုန်တိုင်း ဆင်ခဲ့တဲ့ အိုင်လေး တစ်ခုလို
ပါးကွက်ကြား မလေးရဲ့ ကျောက်ပေါက် မာတွေကို
ခင်ဗျားရဲ့ နီယွန် မီးရောင်တွေနဲ့  ဖာထေးလို့ မရတော့ဘူး။

ပါးကွက်ကြား မလေးရဲ့ အသားညို မောင်းမောင်းမှာ 
ခင်ဗျား တင်သွင်း ချွေးသိပ်ထားတဲ့ 
တန်ဖိုးနည်း မိတ်ကပ်တွေ မစွဲတော့ဘူး။
ပါးကွက်ကြား မလေးရဲ့ မြန်နှုန်းမြင့် အသက်ရှုသံကို
ခင်ဗျားရဲ့ ဘယ်ခေတ်မီ ဆေးဝါးနဲ့မှ အရည်ဖျော်ချ လို့မရတော့ဘူး။

ခင်ဗျားဆီက ကူးစက်ခံ ရတဲ့ ဗိုင်းရပ်စ်တွေ ကြောင့်
ပြောင်းပြန်စီး နေတဲ့မိရိုးဖလာ တွေကို
ခင်ဗျား တံတွေး တစ်ချက် ကလေးတောင် မမြိုချ နိုင်တော့ဘူး။

ပါးကွက် ကြားမလေးရဲ့ ဖြစ်တည် ရှင်သန်မှုဟာ
ခင်ဗျားနဲ့ ခင်ဗျားရဲ့ လက်ခမောင်း ခတ်ဖော်ခတ်ဖက် 
တာကြောင်တွေရဲ့
မီးသင့် လောင်နေတဲ့ ချောင်တစ်ချောင်မှာ
ကျားနာမလေး တစ်ကောင်ရဲ့ မာန်ဖီသံ တွေနဲ့
ခင်ဗျားဂုတ်ပေါ် ခင်ဗျားကိုယ်တိုင်
တစ္ဆေတစ်ကောင် ခွစီး ထားသလို
ပါးကွက်ကြား မလေးရဲ့
နာနာကျင်ကျင် အကြည့်စိမ်းစိမ်း တွေနဲ့
ခင်ဗျား တစ်ဖက်သတ် ရေးဆွဲထားတဲ့ သဘောတူ စာချုပ်ထဲက
ခင်ဗျားရဲ့ မော်ကွန်း
ခင်ဗျားရဲ့ ၀ိညာဉ်
ခင်ဗျားရဲ့ နှလုံးသား
အားလုံးရဲ့ အသက်ဝင် ဂုဏ်မြောက် မှုတွေကို
ခေတ်တစ်ခေတ်ရဲ့ ကန့်လန်ကာ အဖွင့်မှာ
ကာလ ကြာဝှက် ထားခဲ့ရတဲ့
သူမရဲ့ လက်သည်းချွန် တွေဟာ
အသင့် အနေအထား နဲ့ပေါ့။

ဒီလိုနဲ့ ပါးကွက်ကြား မလေးရဲ့ စည်းချက် မမှန်တော့တဲ့
နောက်ခံ ဂီတ နှလုံးခုန်သံမှာ
ခင်ဗျားရဲ့ မီးရောင်အောက်က ကကြိုး ကကွက်တွေ ကစဥ့်ကလျား။

ခင်ဗျားရဲ့ နုပျိုသစ်လွင် လာရမဲ့ အဆီ အသွေးတွေဟာ
သက္ကရာဇ် တွေရဲ့ ချည်နှောင်ခံ ထားရမှုမှာ အရောင်တွေ မှိန်ဖျော့လို့။
ခင်ဗျားရဲ့ လက်မ ထောင်နိုင်မှု ဂုဏ်သိက္ခာဟာလည်း 
လက်ညှိုးထိုး ကဲ့ရဲ့ခြင်း ဒဏ်ရာ ဒဏ်ချက် တွေနဲ့ပေါ့။

တစ်ခုတော့ဗျာ
သံယောဇဉ် လက်ကျန် သင်္ကေတလေး ဖြစ်လေမလား
ပါးကွက်ကြား မလေးရဲ့
ပါးကွက်ကြား ပေါ်မှာ
မျက်ရည်မြစ်လေး တစ်စင်း
စီးဆင်းနေ သေးရဲ့။

အဲဒါ ခင်ဗျားရဲ့ ကန္တာရ ဆန်ဆန် အရောင်လွင့် လာတဲ့ ရာသီဥတုထဲက
နောက်ဆုံး အိုအေစစ်လေး တစ်ခုပဲ။
ခင်ဗျားရဲ့ အဆုံးစွန်ရိုးသားမှုနဲ့ တည်ဆောက်ထားတဲ့ 
ညှို့ငင် ဆွဲယူနိုင်မှု။
ခင်ဗျားရဲ့ အပျော့၊ အပြောင်း၊ အချွဲ၊
အနွဲ့၊ အချော့၊ အမြှူ နည်းဗျူဟာ မြောက်မှု တွေရဲ့
နောက်ဆုံး မျှော်လင့်ချက် နောက်ဆုံး အခွင့်အရေး တစ်ခုပဲ။

ကျန်ရစ် နေနိုင်သေးတဲ့ လက်ကျန် သံယောဇဉ် ကြိုးလေးကို
ခင်ဗျားရဲ့ အတ္တတွေ ထဲက ဖဲ့ပြီး
ဒါ လက်ကျန် သံယောဇဉ် ကြိုးလေးပါလို့
သူမ ကြားနိုင် လောက်တဲ့ ဘာသာ စကားကို ရှာဖွေရင်း 
သူမ မြင်နိုင် လောက်တဲ့ ပုံရိပ် တစ်ခုကို ထုဆစ်ရင်း
အချိန်ကာလ တစ်ခုကို ခင်ဗျား စိုက်ပျိုးထား ရလိမ့်မယ်။

ပါးကွက်ကြားမလေးရဲ့ မျက်ရည် တွေကြားက
အပြုံးလေး တစ်ခု ဖူးပွင့်လာတဲ့ ထိပေါ့။
ပြီးရင်တော့
ခင်ဗျားနဲ့ ခင်ဗျားရဲ့ အသိုင်းအ၀ိုင်းက
ဘယ်လိုဘဲ သဘော မတူ၊ မတူ
ခင်ဗျား သူ့ကို လက်ထပ်ယူရ လိမ့်မယ်
ခင်ဗျားတို့ မင်္ဂလာပွဲမှာ
ခင်ဗျား ကိုယ်တိုင် သီဖွဲ့ထားတဲ့
“နင်ဟာ ငါ့ဘ၀”ဆိုတဲ့
အခါတော်ပေး သီချင်းလေး ဖွင့်ပြီး တော့ပေါ့။ ။

သစ်ခက်အိမ်
(ဆင်းရဲမွဲတေမှု ပပျောက်ရေးမှ ဆင့်ပွား ခံစား ရေးဖွဲ့သည်။)
(Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂)


Last Updated on Thursday, 13 December 2012 17:33
 

Wednesday, November 7, 2012

လိုနေတာ....စစ်...စစ် စစ်


 



ကမ္ဘာကြီးရေ....

ကမ်းဝေးနေတဲ့ မျှော်လင့်ချက် မျက်စိတဆုံးမှာ
ငြိမ်ချမ်းရေးဟာ..ဂုဏ်သိက္ခာရှိတဲ့ စစ်ပွဲတွေတည်တဲ့ ကမ်းကို အရေးတကြီးရှာဖွေဆိုက်ကပ်ဖို့ လိုနေပြီလား





ဒီကမ္ဘာကြီးမှာက..
ကိုယ်ယုံကြည်ရတဲ့မိတ်ဆွေတစ်ယောက်ဆီ
ကမ်းလိုက်တဲ့ ကိုယ့်ရဲ့လက်ကိုတောင် ကိုယ်တိုင်ယုံကြည်ရတော့လို့လား
တစ်ယောက်နဲ့တစ်ယောက်..
တစ်ဖွဲ့နဲ့တစ်ဖွဲ့..တစ်နိုင်ငံနဲ့တစ်နိုင်ငံ
တစ်ဖက်နဲ့တစ်ဖက် ရဲ့အဆက်အသွယ်ကွန်ယက်ထဲ
သံသယမိုးတွေသည်းနေတဲ့ ကမ္ဘာကြီးမှာ
ဘာကိုယုံလို့ရတော့မလဲ....
တစ်ယောက်နဲ့တစ်ယောက် မျက်နှာဖုံးတွေတပ်ထားမှ
တစ်ယောက်ကိုတစ်ယောက် ပွေ့ဖက်ခွင့်ရနိုင်မဲ့ ကမ္ဘာကြီးပါ
တစ်ယောက်နဲ့တစ်ယောက် က...
အရှေ့မှာတော့လန်းပြီး အနောက်ကနေဖမ်းတယ်
အနောက်ကနေခြောက်ပြီး ဘေးဖက်ကနေဖေါက်တယ်
ဘေးကနေ၀ိုက်ဟန်ပြပြီး ရှေ့ကနေတိုက်ပြန်ကြတယ်..
ကွေ့ကောက်ရှုပ်ထွေးနေတဲ့ မြားဦးတွေရဲ့
လာရာ လားရာ ဗျူဟာမြောက်မှုမှာ..
အပေးအယူရဲတဲ့ စားပွဲခုံအောက်ကလက်တွေ
ပုခုံးကိုဖက်ထားတဲ့လက်တွေ...ကျောကိုထောက်ထားတဲ့ဓါးတွေ
ကျောချင်းကပ်ထားပြီး မျက်တွယ်ယူကျည်ဖြည့်နေတဲ့သေနတ်တွေ
စာချုပ်စာတမ်းထဲညပ်သွားတဲ့ အသက်တွေ
သွေးပြန်ကြောတွေမှာ မစားရ၀ခမန်း ငါးစာတပ်ပြီး
သွေးလွှတ်ကြောတွေရဲ့အဆီအသားတွေကို မြားနေကြတဲ့ ဗိုင်းရပ်(စ်)တွေနဲ့
ဘယ်ဟာ အစစ်အမှန်လို့ဆုပ်ကိုင်လို့မရတော့တဲ့
အရိပ်မဲတွေယိမ်းထိုးနေပုံက..
ရင်ဘတ်ကိုဖွင့်ကြည့်စရာမလိုတော့တဲ့ကမ္ဘာကြီး..
အစစ်ကိုရှာဖွေမိတဲ့ သူကိုတောင် အတုစစ်စစ်တွေက
လက်ညိုးငေါက်ငေါက်ထိုးပြီး ဟားတိုက်ရယ်မောခံနေရတဲ့ ကမ္ဘာကြီးပါ
အယောင်ဆောင် အတုတောင် အတုစစ်စစ်ဟုတ်ရဲ့လားလို့
စစ်မစစ်ပြန်စစ်နေရတဲ့..ကမ္ဘာကြီး
ဘူမိနက်သန် ကမ္ဘာကြီးကရော..ကမ္ဘာ စစ်စစ်မှဟုတ်သေးရဲ့လား။



ဒါလားကွစစ်ပွဲ..
ခင်ဗျားရဲ့ ကချိုး ကကွက်တွေအားလုံးကို
ခြေထောက်ကနေရိုတ်ချိုး ပစ်လိုက်ဖို့...
ဇတ်ဝင်ခန်းပြောင်း ကန့်လန့်ကာတစ်ခုကို အလံတစ်ခုလိုလွှင့်ထူရင်း
အလိုက်သင့်တီးခတ်လိုက်တဲ့ နှလုံသားရဲ့ တေးသွားက"ငြိမ်းချမ်းရေးတဲ့ "
ဆူပွက်ရုန်းကြွလာတဲ့ အာရုံတွေ၇ဲ့နှိုးဆွမှုမှာ
လက်သီးဆုပ်ထဲကို ကြွေးကြော်သံတွေထည့်ပြီး
ရင်ကိုဖွင့်ထားလိုက်မယ်.....
လာကြစမ်း... စစ်ကိုသယ်ဆောင်လာတဲ့ .. ကျည်ဆံတွေ
လာကြစမ်း... စစ်ကိုသယ်ဆောင်လာတဲ့ .. ကျည်ဆံတွေ
.................စစ်ကိုသယ်ဆောင်လာတဲ့ .. ကျည်ဆံတွေ
ခင်ဗျားရဲ့..သော့သွမ်းသွေးကြွမှုကနေ ကျကြွင်းတဲ့..ငါ့ရဲ့

အသွေးအသားတွေနဲ့ ..စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဲ့လမ်းကိုခင်းမယ်

အရိုးအရွတ်တွေနဲ့....စစ်မှန်တဲ့ ငြိမ်းချမ်းရေးရဲ့ တံတားကိုဆောက်မယ်

သွေးစက်တွေနဲ့...စစ်မှန်တဲ့ ငြိမ်းချမ်းရေး လမ်းကို ကမ္ဗည်းထိုးမယ်..။


ငြိမ်းချမ်းရေးရဲ့ ရဲဝံ့တဲ့လက်ခမောင်းခတ်သံမှာ..
အနားကဖြတ်ပျံသွားတဲ့ ကျည်ဆံတွေကပြောသွားတယ်


" ခင်ဗျားကို ဘယ်တော့မှမှန်မှာ မဟုတ်ဘူး

ဒါ..စစ်ပွဲအတု " ....တဲ့

"ကမ္ဘာကြီးရဲ့ မှော်ဝတ်ရုံ ကျားကွက်အရွှေ့အပြောင်းထဲက

ပဉ္စလက်ဆန်တဲ့ စစ်ပွဲအတု တဲ့"

အဲဒီ...စစ်ပွဲအတုရဲ့ မထိမှန်တဲ့ ကျည်ဆံတွေနဲ့ကျမှ
ငြိမ်းချမ်းရေးဟာ..အမှန်တကယ်ကျဆုံးသွားတယ်....။


သူ့ရဲ့ နောက်ဆုံးထွက်သက်ထဲမှာတော့
အနာဂါတ်ငြိမ်းချမ်းရေး မျိုးဆက်သစ်တွေအတွက်
စကားလုံးတချို့ ကခုန်ပြီး ကျန်ရစ်ရဲ့.....

" စစ်မှန်တဲ့ငြိမ်းချမ်းရေးတစ်ခု မွေးဖွားသန့်စင်လာဖို့

စစ်ပွဲ စစ် စစ် တွေလိုတယ်တဲ့ "


ကဲ...ကျွန်တော်တို့ ..
သူ့ရဲ့ကြွင်းကျန်ရစ်တဲ့..စကားလုံးရုပ်ကလပ်မှာ
ကျွန်တော်တို့အလံတော် အုပ်မိုးပြီး....အလေးပြုမလား၊
ဒါမှမဟုတ်.....
ကမ္ဘာမှာ ဖြစ်ပွားနေတဲ့စစ်ပွဲတွေအားလုံးဟာဟာ..စစ်ပွဲ စစ် စစ်တွေပါလို့
ပြဌာန်းပါစာအုပ်ကို ပြန်လှန်ပြီး အတည်ပြုချက်ပြန်ရှာဖွေကြအုံးမလား၊

သေချာတာတစ်ခုကတော့..
တစ်စုံတစ်ခု အတည်ပြုချက်မရမချင်း..
ကျွန်တော်တို့အားလုံး......အဲဒီစကားလုံးတွေကို ဈာပနပွဲကျင်းပဖို့
ပြန်တမ်းမထုတ်သင့် သေးဘူးဆိုတာပဲ.....



" စစ် မှန် တဲ့ ငြိမ်း ချမ်း ရေး တစ် ခု မွေး ဖွား သန့် စင် လာ ဖို့

စစ် ပွဲ စစ် စစ် တွေ လို တယ် " ...တဲ့


ကဲ...ခင်ဗျားတို့ကော .. ဘယ်လိုထင်လဲ.. ဗျာ..။ ။





သစ်ခက်အိမ်..(၂၁.၉.၂၀၁၂)

Sunday, September 9, 2012

နံရံ

 

ဒီနံရံဟာ
ဘယ်လောက်ထူလဲဆိုတာ
ကျွန်တော်မသိဘူ့း

မြို့ခလေးကိုမေးတော့

ငါးမျှားတယ်ဆိုတာ
အိုင်ပက်ထဲက ဂိမ်းတစ်ခုပဲတဲ့။

တော ခလေးကိုမေးကြည့်လိုက်တော့

အိုင်ပက် ဆိုတာ
အိုင်ကိုပက်ပြီး ငါးဖမ်းတာလာ့းတဲ့။

သူတို့နှစ်ယောက်လုံး

ပြုံးပြီးဖြေခဲ့တာပါ့
ဒါပေမဲ့
့။


သစ်ခက်အိမ်

Thursday, August 30, 2012

ငွေ့ရည်ဖွဲ့ ကျိန်စာ



ဒြပ်ထုမဲ့ အတ္တဖွဲ့တွေရဲ့ ဖိအားပြင်းကခုန်မှုမှာ
တရားဝင်လူသတ်သမားနဲ့
ငါ့နှုတ်ခမ်းကို စီရင်ခဲ့ရတဲ့ရာသီများ....
ပျံတက်သွားတဲ့မီးခိုးငွေ့တွေဟာ
ငါ့ဇီဝသက်တမ်းတွေဆို..
တိမ်တွေငိုချလိုက်တာ..ငါ့မျက်ရည်တွေပဲ..

ကဲ..ခင်ဗျားတို့ စိုက်ခင်းတွေထဲ
မိုးတွေသဲလာပြီ..။  ။



သစ်ခက်အိမ်

Thursday, August 23, 2012

ထီးနှင့်လူများ


 


လုပ်ရက်ပါ့ကိုရွှေမိုး
အငြိုးနဲ့ရွာ။

ကျွန်မမှာထီးမပါ
စိုပါပေါ့လား
အနားမှာစိုမှာစိုးသူတို့
မိုးလွတ်ရာသွား။
ရွှေမိုးကိုအံခဲ
တစ်ကိုယ်ထဲလျှောက်အလာ
နေသာလာပါပေါ့
ဒီတော့မှ..
သူ့ထက်ငါထီးလာမိုးတယ်
ဆိုး..တဲ့လူများ။ ။

သစ်ခက်အိမ်

Saturday, July 14, 2012

အတွေးစာစု(၁)




" လူနှစ်ယောက် "

လူမိုက်တွေရဲ့
ယဉ်ကျေးမှုအထွဋ်အထိပ်ဟာ
ဥပဒေဖြစ်ပြီး..
လူလိမ္မာတွေရဲ့
အထွဋ်အထိပ် ဥပဒေဟာ
ယဉ်ကျေးမှုဖြစ်တယ်။



သစ်ခက်အိမ်

Monday, June 18, 2012

အန်တီစုကိုဂုဏ်ပြုတဲ့ မွေးနေ့ကဗျာ




67676767 67 67 67 67 67 67 67
၆7၆7၆7၆7၆7၆7 ၆7 ၆7 ၆7 ၆7
 ၆၇၆၇၆၇ ၆၇ ၆၇ ၆၇ ၆၇၆၇ ၆၇ ၆၇
ေ7ေ7ေ7ေ7ေ7ေ7ေ7ေ7 ေ7ေ7 ေ7ေ7
၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ
6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇
ရေရေရေရေရေရေရေရေရေရေရေရေ ရေ   ရေရေ   ရေ    .....
ရေ      ရေရေ

          ကျွန်တော်တို့အားလုံးရဲ့မရှိမဖြစ်  ..........ရေ.........       
ရေလိုအေးလို့ပန်းလိုလန်းဆန်းပါစေ..လို့ဆုမတောင်းတော့ဘူးနော်.......


သစ်ခက်အိမ်

Friday, March 16, 2012

ငှက်တစ်ကောင်ရဲ့ သုညတောင်ပံ





တောင်ပံတစ်စုံဟာ
သဘာဝကပေးတဲ့ မွေးနေ့လက်ဆောင်
ကာလဆေးဆရာရဲ့ ကြိမ်လုံးအောက်မှာ
တဖြေးဖြေး သန်မာလာ...
လေဆန်မှာ မာန်ပါပါပျံနိုင်ဖို့
အိပ်မက် အခါခါ။

ရာသီတွေ ခရီးဆက်
မြေပုံ ကောင်းကင်ထက်မှာ
ဗီဇပြောင်း သင်ရိုးအကုန်
အတောင်စုံ ကြော့ကြော့
ခေါင်းမော့မော့နှင့်။

သင့်တင့်ချိန်ခါ ရောက်လာပြန်တော့
သန်လို့မာလို့ ပျံသန်းဖို့စိတ်တွေနိုးထ
ပြည့်စုံမှုအဆင်းနဲ့ မြူးကြွ
တောင်ပံအလှ ဖြန့်လျက်
အာကာထက် ဆန့်တက်ထအပျံ
ငှက်တစ်ကောင် ကောင်းကင်အိပ်မက်
ကမ္ဘာဖျက်ခဲမှန်။

တွန်သံယောင်နန၊ တောင်ပံဟဟ
ပျံမရကြွမရ၊ အနန္တသောကပွေ
နဝေတိမ်တောင်
အူကြောင်ကြောင်အတွေးနဲ့ ကျောထဲစိမ့်
“ငါဘာကောင်ပါလိမ့်” ...
နိမ့်ကျဗီဇ ပြင်မရအောင်
အချိန်နှောင်း အမှောင်ထဲ
စုတ်ပြဲသွားတဲ့ စိတ်တွေ
အတိတ်လက်တံရှည် ဓားက
အုပ်မိုးထားစဲ။

အိပ်မက်ထဲက ကောင်းကင်
လောကရင်ပြင်ထဲ ပျံဝဲချင်တဲ့ ဆန္ဒ
လောင်ကျွမ်းပြာကျ
မြေပြင်ပေါ်က မကြွ
ကောင်းကင်ယံကိုလည်း မရောက်
အဖန်ဖန် ကြိုးစားရင်း အမောဖောက်
စိတ်ထဲက “တောက်” ခေါက်သံ
နံရံက ခံနေတော့
သူ့အသံက သူ့ကိုယ်သူပြန်မှန်တဲ့ မြားတစ်စင်း
အရှိန်အပြင်းဆုံးနဲ့ ရင်ကိုဖြတ်
ခန္ဓာပစ်မှတ်ဟာ တရစပ်နာကျင်
မချိတင်ကဲ ရင်ကွဲဒူးထောက်။

တောင်ပံ တစ်ဖျပ်ဖျပ်အောက်မှာတော့
နာကျင်မှုတွေရဲ့ အနားသတ်အဆုံး
ပုန်းနေတဲ့ ကဗျာတစ်ပုဒ်ဟာ
သွေးဆုတ်တဲ့မျက်နှာ
ကာရံလွဲ အဆိပ်တက်
ကောင်းကင်ပြာ အိပ်မက်တန်ခိုးနဲ့
မနိုးတမ်း အိပ်စက်။



သစ်ခက်အိမ်
       
        

Monday, February 13, 2012

အိပ်ပျက်တဲ့ ည




စိုးထိတ်မှုနဲ့ ဆိတ်ငြိမ်မှုက 
တိမ်ခြေသံကြားရတော့မလို
အဲဒီလို...ညရင်ခွင်ထဲ
ကြယ်စင်တွေရဲ့ သဘာဝ
မာယာအကနဲ့ ညကိုလုပ်ကြံ
ပြီးတော့... တရားခံအဖြစ် 
အမှောင်ကို ချန်ထားရစ်တော့
ညဟာ ရောင်နီတွေပျို့အန်
တစ်ဖန်နေ့သစ် စရပြန်ပေါ့။

ဒါပေမယ့် အဲဒီနေ့သစ်ဟာလည်း
သူရိယမျက်နှာဖုံးနဲ့
အကြီးဆုံးကြယ်တစ်လုံးရဲ့ 
ဖွယ်ဖွယ်ရာရာ ပွဲတော်။

သစ်ခက်အိမ်

Wednesday, February 1, 2012

ဇော

 
 
လက်ဖျံနုနုလေးမှာ အပ်တွေစိုက်
သမီလေးနှာခေါင်းမှာက ပိုက်
ဗိုက်ကလေးကတော့ ပိန်လိုက်ဖောင်းလိုက်
အားစိုက်ပြီး လေကိုရှူရှိုက်နေရတာ...
နာရီခြားအခါခါ သွေးတွေသွင်းဖောက်
သောက်ရတဲ့ဆေးတွေကလည်း မနည်း
အရွယ်လေးနဲ့တောင် မလိုက်
တစ်ချက်တစ်ချက် ရှိုက်သံသဲ့သဲ့လေးက
အဖေ့ရင်ကို တိုက်စား
ယောကျာ်းဆိုတဲ့ အားမာန်ထဲက
အလံဖြူလေးတစ်စ လွင့်လာခဲ့ပေါ့
အဖေ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါသမီးရယ်။
 
နှာခေါင်းစည်းတွေထဲက
ဒင်ဂီး...ဒင်ဂီး အဆင့်လေးငါး
အဖေ ဘာမှမကြားချင်တော့ပါဘူး
အဖေ့အနားမှာ ရှိနေတာက
မချိတဲ့ သမီးလေးဝေဒနာ
အဖေ ရင်တွေနာရပါပေါ့သမီးလေးရယ်...။

အဖေ့ကဗျာတွေက သမီးကို မသန်မာစေနိုင်တော့ဘူး
အဖေ့ကာရန်တွေနဲ့ သမီးကို ရံမထားနိုင်တော့ဘူး
အဖေ့စကားလုံးတွေနဲ့ သမီးကို လွှမ်းခြုံမဖုံးနိုင်တော့ဘူး....
အို...ဘာပဲဖြစ်ဖြစ် အားတင်းထားလိုက်စမ်းသမီး
သမီးကြိုက်တဲ့ သီချင်းလေးထဲကလို
ပစ်တိုင်းထောင်က သမီး
သမီးက ပစ်တိုင်းထောင်
ပစ်ချင်သလို ပစ်သာချ
အခုပဲ နိုးထလိုက်ပါတော့လား သမီးရယ်...။
 
ငါ့သမီးလေးနိုးလာရင် အားဆေး
ငါ့သမီးလေးနိုးလာရင် အားဖြစ်အောင်
ပစ်တိုင်းထောင် အရုပ်လေးတစ်ရုပ်ဝယ်ဖို့...။
လွယ်အိတ်ထဲက လက်ပြန်အထုတ်မှာ
မရေးရသေးတဲ့ ကဗျာတစ်ပုဒ်ဟာ
ရုတ်တရက် ထွက်ကျကွဲကြေသွားတယ်။
အို...နိမိတ်မရှိ နမာမရှိ
သမီးလေးရေ....။
သစ်ခက်အိမ် 
(April, 2011....မဟေသီမဂ္ဂဇင်း )

Saturday, January 14, 2012

သိုင်းကွက်



ဆုတ် တက် သိမ်း နှုတ်ရင်း
ခြေနင်းကွက် ကုန်သွား
အို....သိုင်းသမား

ဆောင်ဓားကို ရုပ်သိမ်း
ဒိုင်းကိုင်ပြီး ယိမ်းလိုက်ပုံက
တိုက်ကွက် ခံစစ်
သိုင်းကွက်သစ် ဗျူဟာ
ကမ္ဘာမှာ ရှာမှရှားဟေ့။

သစ်ခက်အိမ်

Thursday, January 12, 2012

တိမ်တောက်ချိန်



နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။

ငါ့ဘ၀ရဲ့...
နောက်ဆုံးအလင်းဟာ
အမှောင်ကို ချဉ်းကပ်
ငွေတစ်မတ်ကို ရှာနေချိန်။

လွန်ပြီးတဲ့...
အာရုံ၊ မွန်းတည့်အချိန်တွေမှာ
အ၀ိဇ္ဇာကိုခင်း
ငါ့ကိုငါထွင်းထု
ဘယ်ဟာအတု အစစ်
မသိမှုအမြစ်တွယ်
အသစ်အသစ်တွေနဲ့ ဆေးဆိုး
ပုပ်သိုးမသွားအောင် ငါ့ဟာငါပျိုး
ငါမျိုးကိုငါချစ်ခဲ့လို့
အခုတော့...
ခပ်ပျစ်ပျစ်အမှောင်ထဲ
နစ်ဝင်ဖို့ပြင်စဲ။

ဒီအချိန်မှာလည်း
ငါ့ဇိမ်တွေနဲ့ ငါ၊ ငါ့အိနြေ္ဒနဲ့ငါ
ငါ့အမှောင်နဲ့ငါ၊ ငါ့အရောင်နဲ့ငါ
ငါ့အတ္တနဲ့ငါ၊ ငါ့ဒဿနနဲ့ငါ
ငါ့ရိက္ခာနဲ့ငါ၊ ငါ့လိပ်ပြာနဲ့ငါ
ငါ့ရထားနဲ့ငါ၊ ငါ့တရားနဲ့ငါ
ငါ့မာနနဲ့ငါ၊ ငါ့ခ၀ါချမှုနဲ့ငါ
သာသာယာယာ...။

ဘ၀နေ၀င်ချိန်...
တိမ်ထဲက ထွက်ကျလာတဲ့ “ငါ”...
ရောင်စဉ်ဖြာ အလင်းမှိန်
အမှောင်မရောက်ခင် အချိန်မှာတော့
ငါ့ဘ၀ရဲ့နောက်ဆုံး...“ တိမ်တောက်ချိန်“ ။

သစ်ခက်အိမ် 
( June, 2009...Beauty Magazine )

Tuesday, January 10, 2012

သတိ ရပ်၊ ကြည့်၊ သွား





မီးပွိုင့်မှာ သတိချပ်
ရပ်၊ ကြည့်၊ သွား
ကားပေါင်းများစွာ...။


အနီရောင်...ပူလောင်
သရုပ်ဆောင် မီးတောက်
တို့လျှောက်မယ့် ခရီး
ဒုက္ခမီးနဲ့တွေ့ရင်
ရွေ့လျားစိတ်တွေ ခဏရပ်
ကိုယ့်ကိုကိုယ် အသိကပ်ဖို့။


အရောင်က အ၀ါ
တို့ “ဘာသာ“ အထိမ်းအမှတ်...
တရားမြတ်ရေအေး
တို့စိတ်တွေ သန့်အောင် “ ဆေး” ဖို့
အချိန်ပေးသုံးသပ်
တွယ်ကပ်နေတဲ့အပူတွေ
မြေကျသည်အထိ။


အစိမ်းရောင်...တောအုပ်
အေးချမ်းမှုနဲ့ နုပျို
စိမ်းစိုစို တို့ရဲ့လမ်းထဲ
မြရည်ဆမ်း လန်းဆန်းလာ
တို့ထွက်ခွာ
လိုရာခရီး။


ဘ၀လမ်းဆုံတိုင်းမှာ သတိချပ်
ရပ် ကြည့် သွား
မိုင်ပေါင်းများစွာ...။


သစ်ခက်အိမ်
( August, 2009...ပန်းအလင်္ကာမဂ္ဂဇင်း )

မြွေကပွဲ




သဘာဝကောင်းကင်ထဲက ခွဲထုတ်
ပခြုပ်ထဲမှာ ထည့်ခံထားရတဲ့ မြွေတွေ...မြွေတွေ..
အလမါယ်ဆရာရဲ့ ဆေးအဖုံဖုံစား
ယဉ်ပါးလာတဲ့ မြွေတွေ...မြွေတွေ..။


တံခါးပေါက်ကလေးထဲက ရာသီစာ
ဖားလေးကျလာ ငါးလေးကျလာ
ခဲဖွယ်သုဒါ လျှာမှာအရသာငုတ်စွဲ
ဒီပခြုပ်ထဲမှာပဲ ပျော်တယ်...ပျော်တယ်။
အိပ်မယ်စားမယ်...ယိမ်းမယ်ကမယ်ပေါ့။


မြွေတွေကနေတယ်...မြွှေတွေကနေတယ်
တကယ်...တကယ်...တကယ်အမှန်က
အကြွေသံမသိ ပလွေသံမသိ
ဇိမ်ရှိရှိ ယိမ်းနေလိုက်တာ
ဘိန်းမိထားသလို မြွေတွေ..မြွေတွေ
ရေရေလည်လည် မိုက်တယ်။

သစ်ခက်အိမ်        (  october, 2010, ပိတောာက်ပွင့်သစ်မဂ္ဂဇင်း)