Friday, December 30, 2011

ပုရွက်ဆိတ်လောက် ကံမကောင်းသူများ





ထန်းလျက်
ပုရွတ် အုံ...အုံ
ကုန်တော့ နေရာ
ထပ်ရှာ ထပ်ရှိ
ကံကောင်း၏... ကံကောင်း၏။

မြေကမ္ဘာ
လူသားတွေ အုံ...အုံ
ကုန်တော့ ထပ်ရှာ
နောက်ကမ္ဘာ
ဘယ်မှာ... ဘယ်မှာ။

စင်္ကြာဝဠာထဲ
တစ်ခုတည်း
ထန်းလျက်ခဲပမာ
ဒီကမ္ဘာ
ချွေတာ...ချွေတာ။



သစ်ခက်အိမ်

Tuesday, December 27, 2011

အား





တစ်ခွန်းစ နှစ်ခွန်းစမှာပဲ
လက်ခုပ်သံတွေ ဝေါကနဲ
ဘာသံမှ မသဲကွဲတော့....
ပွဲစကတည်းက
ပွဲသိမ်းခရာမှုတ်ထားတဲ့ အခန်းထဲမှာ။
။               ။



သစ်ခက်အိမ်

Tuesday, December 20, 2011

လျှို့ဝှက်ဇာတ်ဝင်ခန်း




ဒီတစ်ခါတော့ဆိုတဲ့ မျှော်လင့်ချက်
လက်လက်ထလို့ ငါ့မျက်ဝန်းတွေ။
အမှားများများ အမှန်နည်းနည်း
ငါ့အခန်းထဲရောက်ဖို့
ခေါင်းကိုဖောက်ပြီး ၀င်လာတယ်။

ငါရောက်နေတဲ့ နေရာက
အမှောင်မှာပိုလင်းတဲ့ ကြယ်ရင်ခွင်
အလင်းမျှင်မျှင်တောင်မရှိတဲ့ အခန်းထဲ
ငါ့ရင်ကိုခွဲ ဘာတွေဘယ်လိုလဲ... မသဲကွဲ
ရဲတင်းလှတဲ့လက်တွေ
ရတက်ပွေအသိနဲ့ စောင့်ကြည့်...ဘာထူးမလဲ။

အရင်အတိုင်းပဲ
ငါကတော့ ခေါင်းပေါက်ရင်ကွဲ
ဒီပုဆိုးပဲ ထပ်လျှော်
ကမ္ဘာကျော်ဇာတ်လိုက်တွေ
ကမ္ဘာကြီးက လက်ပိုက်ကြည့်နေတော့လည်း 
အေးအေးဆေးဆေး။


သစ်ခက်အိမ်

Monday, December 19, 2011

မီနူး




ကန့်သတ်မဲ့နယ်မြေ
စိတ်လိုအင်တွေရဲ့ ချဉ်ခြင်းတပ်မက်မှုတွေက
သက္ကာယ စားပွဲပေါ်မှာ...

အသားလား အသီးအနှံလား
အရွက်စုံလား
အဆာပြေလား အ၀စားမလား
ကြော်မလား ချက်မလား
ငါတို့ “စား” သောက်ဖို့ရယ်က
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။

အဖြူလား အစိမ်းလား
ဝါနီပြာလား
တိုက်ပုံလား တီရှပ်လား
ရင်ဖုံးလား လည်ဟိုက်လား
ထိုင်မသိမ်းလား စကပ်တိုလား
ငါတို့  “၀တ်”ဆင်ဖို့ရယ်က
အထူးရွေးချယ်စရာ 
မီနူးတွေက အများကြီး။

တစ်ထပ်လား နှစ်ထပ်လား
အထပ်များများလား
တိုက်ခန်းလား လုံးချင်းလား
အသစ်လား အဟောင်းလား
အုတ်နဲ့လား သစ်နဲ့လား ၀ါးနဲ့လား
ငါတို့ “နေ”ထိုင်ဖို့ရယ်က 
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။

ကဗျာလား  အက်ဆေးလား
ဆောင်းပါးလား လုံးချင်းလား
ဝတ္ထုရှည်လား ၀တ္ထုတိုလား
အကျိုးပြုလား အပျော်ဖတ်လား
ငါတို့  “ရေး”သားဖို့ရယ်က
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။

မြတ်နိဗ္ဗာန်လား
သိကြားဘုံလား ဗြဟ္မာဘုံလား
နတ်ဘုံလား လူ့ဘုံလား
ဒါမှမဟုတ်
အပ္ပါယ်လေးဘုံလား
ငါတို့ “သွား”ဖို့ရယ်က 
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။


သစ်ခက်အိမ်

Sunday, December 18, 2011

ဇီဝဇိုးနှစ်ကောင်




အမြုတေသဏ္ဍန်
အံဖတ်အနှစ်
အသိုက်ဖြစ်မလာ
သူငါစားသုံး
အားအဖြစ်ဆုံး။

ရင်နှစ်ကဗျာ
အိမ်ယာပိုင်စိုး
တန်ဖိုးမမှီငြား
အဆီအနှစ်
သစ္စာစစ်မို့
အားဖြစ်စေသား
လူအများတို့။         ။


သစ်ခက်အိမ်

Thursday, December 15, 2011

ဝေးသွားမှာစိုးတယ်....ဝေေ၀





တစ်ကမ္ဘာစီ ခြားမှာကြောက်လို့
မင်းအနားကို ရောက်လာခဲ့ရတာပါ...ဝေေ၀။

မင်းနဲ့အတူ စီးဆင်းဖို့က 
ရင်းနှီးခဲ့ရတာတွေကို ဘ၀လို့တန်ဖိုးသတ်မှတ်တယ်...ဝေေ၀
မာနတွေကိုခ၀ါချ အသက်ထပ်မျှချစ်ခြင်းတွေနဲ့
မင်းစီးနေတဲ့မြစ်ထဲကို ငါဆင်းလာခဲ့ရတာ...ဝေေ၀
တကယ်တော့ မင်းစီးနေတဲ့မြစ်က
ပေါ်နေရုံနဲ့မရ လှော်နေရတာမျိုး
မြုပ်မသွားအောင် လှုပ်နေရတာမျိုး
ရပ်မသွားအောင် ခတ်နေရတာမျိုး
ငါ့မာနတွေတောင် အတော်အပိုးကျိုးသွားခဲ့ပေါ့။

ပင်လယ်ကြီးထဲရောက်မှ
လှော်ခတ်ခြင်းရဲ့အလှတရားက ပြီးပြည့်စုံမှာတဲ့လား...ဝေေ၀
ငါတို့နှစ်ယောက်က ချောင်းကိုလည်းမပစ်ဘူးလေ
ပင်လယ်ကိုလည်း မချစ်ဘူးလို့မဟုတ်ဘူးလေ
စီးနေတဲ့မြစ်ထဲ ရိုင်းပင်းကျေနပ်နေကြမှာမဟုတ်ဘူးလား
အဲဒါကပဲ ငါတို့ရဲ့ဘ၀ပန်းတိုင်မဟုတ်ဘူးလား....ဝေေ၀။

လူဆိုတာ အိုတစ္ဆေကြီးပဲမို့
ရနေသမျှတော့ လိုချင်နေကြမှာပဲ...တဲ့
မင်းပြောဖူးတဲ့ စကားအလှတွေထဲမှာ
သက်ပြင်းတွေအခါခါချ  ငါမောလှပြီ...ဝေေ၀။

မြစ်တစ်ကြောင်းတည်း သွားနေပေမယ့်
ခေါင်းစဉ်တွေ ကွဲခဲ့ကြပြီလား...
ကိုယ့်အခင်းအကျင်း ကိုယ့်ရေခင်းနဲ့
လှေတစ်စင်းစီပေါ် ရောက်နေကြပြီလား
ကိုယ့်ပဲ့ကိုယ်ကိုင် ကိုယ့်တက်ကိုယ်လှော်
မိုင်တွေအတော် ဝေးကွာခဲ့ပြီလား
တစ်ခါတစ်ခါ မေးခွန်းတွေကအဖြေဖြစ်သွားတတ်တာ
အဖြေတွေက မေးခွန်းဖြစ်သွားတတ်တာ
ငါတို့ဘာသာရပ်ထဲက အလွယ်ဆုံးပုစ္ဆာတွေဖြစ်နေတော့
ထွက်လာတဲ့အဖြေတွေ မရိုးစင်းနိုင်တော့ပဲ
မာနခါးခါးတွေ ပါးပြင်ထောင်ထလာမှာစိုးတယ်....ဝေေ၀။

ကိုယ့်ရေစီးကြောင်းနဲ့ သူ့ရေစီးသံ
သူ့ရေစီးကြောင်းနဲ့ ကိုယ့်ရေစီးသံ
မတူညီတဲ့ ခံစားချက်တွေကို
တစ်ယောက်နားမှာ တစ်ယောက်ခါးမသွားအောင်
ဘယ်နှခါလောက်များ အကြည့်ချင်းပွေ့ဖက်
ငါတို့နေ့ရက်တွေကို ဆွဲဆန့်ထားနိုင်ဦးမလဲ
သက်မျှဉ်းတွေက ငါ့ရင်ကိုထုတ်ချင်းခတ်သွားပေါ့...ဝေေ၀။

တစ်ကမ္ဘာစီ ခြားမှာကြောက်လို့
မင်းအနားကို ရောက်အောင်လာခဲ့ရတာပါ...ဝေေ၀။



သစ်ခက်အိမ်

Wednesday, December 14, 2011

နောက်ဆုံးကခုန်ခြင်း







ကျွန်တော့်မဂ္ဂဇင်းထဲမှာ ဗလာ
နောက်ထပ်ကဗျာ ဘယ်မှာ
ရောက်မလာနိုင်တဲ့ ဦးနှောက်
“တောက်”
" I am out " ဆရာ
နံရံကို 
လုံးခြေပစ်ပေါက်လိုက်တဲ့ 
စာရွက်လေးဟာ ကျွန်တော်ပဲပေါ့။         ။


သစ်ခက်အိမ်

ရောင်ပြန်





ညအခါ
လသာသာ။

လဟာ ကန်ရေပြင်ထဲငုံ့ကြည့်
ပီတိနဲ့ ထည်ဝါ
တယ်ခန့်ညားတဲ့ ငါ...တဲ့
တိမ်ရင်ခွင်မှာ မြုပ်
ကြယ်တစ်ဆုပ် ၀န်းရံ
အလင်းပြန် ပုံရိပ်
ဒီနိမိတ်က စိတ်ကျေနပ်စရာ။

ဖိုးရွှေလမင်း
အလင်းတု အဆင်းကို
ထင်းထင်းကြည်လင်
မြင်ရခြင်းက
စင်းစင်းငြိမ်သက်
ရေပြင်ထက်သို့
ခဲတစ်လုံး ကျမလာခင်ထိသာ။

သစ်ခက်အိမ်

Monday, December 12, 2011

ဆည်းဆာ





နေ့တစ်နေ့ရဲ့ အတိမ်အနက်ကို
အဆိုးအကောင်း ချိန်စက်နိုင်တာ... ဆည်းဆာ။

အကျည်းတန်သူတွေကို စာနာ
ရင်ထဲက ရောင်စဉ်တွေဖြာ... ဆည်းဆာ။

အရေးအကြောင်းတွေထဲ
အတွေးတွေပြောင်းသွားတတ်တာ.... ဆည်းဆာ။

ငါတို့အမျှော်လင့်ကြီးမိခဲ့တဲ့ ဆည်းဆာ
ထီးဖိနပ်မပါလည်း အရေးမကြီးတော့တဲ့ အနက်နဲ့
ပုတီးတစ်ပတ်စာ မစီးသူ့ရမ္မက်မှာ
ဆည်းဆာဟာ....
အမြည်းတစ်ဖတ်သာ ဖြစ်ခဲ့ရပေါ့။           ။



သစ်ခက်အိမ်
February, 2011 ... အလကာင်္ဝတ်ရည်မဂ္ဂဇင်း

Sunday, December 11, 2011

အမေကို ပိုရခြင်းအကြောင်း





ငယ်ငယ်က အဖေ့လက်မောင်းကို 
ခိုစီးနေကျဆိုတော့....
ဒီလက်မောင်းအားနဲ့ဆို
အရာရာကို ပိုင်စိုး
သည်လို စိတ်ကူးတိမ်တိမ်မျိုးနဲ့
အိမ်သခင်အဖေ့ကို အားကျခဲ့
ငါဟဲ့ ယောကျာ်းပေါ့...။

အဖေ့ရဲ့ အားကောင်းမောင်းသန်မှုမှာ
တစ်ခါတစ်ရံ မိသားစုရန်ပွဲ
အမေ့ရဲ့သည်းခံခြင်းဇွဲနဲ့
ကျော်လွှားရန်စဲခဲ့ရတာ အကြိမ်ကြိမ်
ရေတိမ်တိမ်မှာနစ်ရမယ့် မိသားစုဘဝ
အခါခါ ကယ်ခဲ့ရ 
လမ်းပြကြယ်လေးဟာ အမေ...။

ဘယ်အရာက အခက်
ဘယ်အရာက အလွယ်
အသိကြွယ်ကြွယ် အရွယ်ရောက်
ကိုယ့်စိတ်ကို ကိုယ်တံခါးပြန်ခေါက်လာနိုင်တော့....

ငယ်ငယ်တုန်းကတော့
အဖေ့ကိုအားကျ.... နောင်တ
အခုတော့ 
အမေမှအမေ။          ။


သစ်ခက်အိမ်

Friday, December 9, 2011

ပြောင်းပြန်နိယာမ






ကြွက်တစ်ကောင်
ကြောင်အိမ်ပေါ်တက်
ဟိုလျက် ဒီလျက်။

သူ့ရဲ့အဆိပ်
ရင်မှာထိပ်
ပလိပ်... ပလိပ် ရောဂါ။

ခဲကိုကောက်
ပေါက်ဖို့ကြံ
ဥာဏ်မှာသိ
မှန်ကြည့်ဖို့မလို။

အော်...
ငါကလည်း 
သံယောဇဉ် နှောင်ပျက်
တစ်ကောင်ကြွက်ပါလား။

မင်းက ကြွက်တစ်ကောင်
ငါက တစ်ကောင်ကြွက်
လက်ထဲက ခဲကိုချ
ငါ နောင်တ မရချင်ဘူးလေ...။         ။


သစ်ခက်အိမ်(ပေဖူးလွှာမဂ္ဂဇင်း)



လျှို့ဝှက်နံပါတ်

 



-၁-
 ဟော...တစ်ယောက် 
တလောလေးကတင် လမ်းမှာမြင်သေး။

-၂-

ဟင်...ဒီမှာလည်း နှုတ်ဆက်
ရယ်စရာတွေပြော တသောသောနဲ့
ခု... သူ... ဘယ်မှာလဲ။

-၃-


...........................
..........................
..........................။

-၄-

အားလုံး...အားလုံး
သူတို့မသိတဲ့ သူ့နံပါတ်နဲ့သူ
အစဉ်လိုက် အစဉ်လိုက်
မြင်လိုက် ပျောက်လိုက်
ဝင်လိုက် ထွက်လိုက်။

-၅-

ငါတို့ရုပ်ခန္ဓာမှာ
မြှုပ်နှံကာရေးထားတဲ့  ကြမ္မာဆိုးနံပါတ်စဉ်
ကြိုပြီးတော့ မြင်ခဲ့ရင်.....။

သစ်ခက်အိမ်