Saturday, July 14, 2012

အတွေးစာစု(၁)




" လူနှစ်ယောက် "

လူမိုက်တွေရဲ့
ယဉ်ကျေးမှုအထွဋ်အထိပ်ဟာ
ဥပဒေဖြစ်ပြီး..
လူလိမ္မာတွေရဲ့
အထွဋ်အထိပ် ဥပဒေဟာ
ယဉ်ကျေးမှုဖြစ်တယ်။



သစ်ခက်အိမ်

Monday, June 18, 2012

အန်တီစုကိုဂုဏ်ပြုတဲ့ မွေးနေ့ကဗျာ




67676767 67 67 67 67 67 67 67
၆7၆7၆7၆7၆7၆7 ၆7 ၆7 ၆7 ၆7
 ၆၇၆၇၆၇ ၆၇ ၆၇ ၆၇ ၆၇၆၇ ၆၇ ၆၇
ေ7ေ7ေ7ေ7ေ7ေ7ေ7ေ7 ေ7ေ7 ေ7ေ7
၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ၆ရ
6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇6၇
ရေရေရေရေရေရေရေရေရေရေရေရေ ရေ   ရေရေ   ရေ    .....
ရေ      ရေရေ

          ကျွန်တော်တို့အားလုံးရဲ့မရှိမဖြစ်  ..........ရေ.........       
ရေလိုအေးလို့ပန်းလိုလန်းဆန်းပါစေ..လို့ဆုမတောင်းတော့ဘူးနော်.......


သစ်ခက်အိမ်

Friday, March 16, 2012

ငှက်တစ်ကောင်ရဲ့ သုညတောင်ပံ





တောင်ပံတစ်စုံဟာ
သဘာဝကပေးတဲ့ မွေးနေ့လက်ဆောင်
ကာလဆေးဆရာရဲ့ ကြိမ်လုံးအောက်မှာ
တဖြေးဖြေး သန်မာလာ...
လေဆန်မှာ မာန်ပါပါပျံနိုင်ဖို့
အိပ်မက် အခါခါ။

ရာသီတွေ ခရီးဆက်
မြေပုံ ကောင်းကင်ထက်မှာ
ဗီဇပြောင်း သင်ရိုးအကုန်
အတောင်စုံ ကြော့ကြော့
ခေါင်းမော့မော့နှင့်။

သင့်တင့်ချိန်ခါ ရောက်လာပြန်တော့
သန်လို့မာလို့ ပျံသန်းဖို့စိတ်တွေနိုးထ
ပြည့်စုံမှုအဆင်းနဲ့ မြူးကြွ
တောင်ပံအလှ ဖြန့်လျက်
အာကာထက် ဆန့်တက်ထအပျံ
ငှက်တစ်ကောင် ကောင်းကင်အိပ်မက်
ကမ္ဘာဖျက်ခဲမှန်။

တွန်သံယောင်နန၊ တောင်ပံဟဟ
ပျံမရကြွမရ၊ အနန္တသောကပွေ
နဝေတိမ်တောင်
အူကြောင်ကြောင်အတွေးနဲ့ ကျောထဲစိမ့်
“ငါဘာကောင်ပါလိမ့်” ...
နိမ့်ကျဗီဇ ပြင်မရအောင်
အချိန်နှောင်း အမှောင်ထဲ
စုတ်ပြဲသွားတဲ့ စိတ်တွေ
အတိတ်လက်တံရှည် ဓားက
အုပ်မိုးထားစဲ။

အိပ်မက်ထဲက ကောင်းကင်
လောကရင်ပြင်ထဲ ပျံဝဲချင်တဲ့ ဆန္ဒ
လောင်ကျွမ်းပြာကျ
မြေပြင်ပေါ်က မကြွ
ကောင်းကင်ယံကိုလည်း မရောက်
အဖန်ဖန် ကြိုးစားရင်း အမောဖောက်
စိတ်ထဲက “တောက်” ခေါက်သံ
နံရံက ခံနေတော့
သူ့အသံက သူ့ကိုယ်သူပြန်မှန်တဲ့ မြားတစ်စင်း
အရှိန်အပြင်းဆုံးနဲ့ ရင်ကိုဖြတ်
ခန္ဓာပစ်မှတ်ဟာ တရစပ်နာကျင်
မချိတင်ကဲ ရင်ကွဲဒူးထောက်။

တောင်ပံ တစ်ဖျပ်ဖျပ်အောက်မှာတော့
နာကျင်မှုတွေရဲ့ အနားသတ်အဆုံး
ပုန်းနေတဲ့ ကဗျာတစ်ပုဒ်ဟာ
သွေးဆုတ်တဲ့မျက်နှာ
ကာရံလွဲ အဆိပ်တက်
ကောင်းကင်ပြာ အိပ်မက်တန်ခိုးနဲ့
မနိုးတမ်း အိပ်စက်။



သစ်ခက်အိမ်
       
        

Monday, February 13, 2012

အိပ်ပျက်တဲ့ ည




စိုးထိတ်မှုနဲ့ ဆိတ်ငြိမ်မှုက 
တိမ်ခြေသံကြားရတော့မလို
အဲဒီလို...ညရင်ခွင်ထဲ
ကြယ်စင်တွေရဲ့ သဘာဝ
မာယာအကနဲ့ ညကိုလုပ်ကြံ
ပြီးတော့... တရားခံအဖြစ် 
အမှောင်ကို ချန်ထားရစ်တော့
ညဟာ ရောင်နီတွေပျို့အန်
တစ်ဖန်နေ့သစ် စရပြန်ပေါ့။

ဒါပေမယ့် အဲဒီနေ့သစ်ဟာလည်း
သူရိယမျက်နှာဖုံးနဲ့
အကြီးဆုံးကြယ်တစ်လုံးရဲ့ 
ဖွယ်ဖွယ်ရာရာ ပွဲတော်။

သစ်ခက်အိမ်

Wednesday, February 1, 2012

ဇော

 
 
လက်ဖျံနုနုလေးမှာ အပ်တွေစိုက်
သမီလေးနှာခေါင်းမှာက ပိုက်
ဗိုက်ကလေးကတော့ ပိန်လိုက်ဖောင်းလိုက်
အားစိုက်ပြီး လေကိုရှူရှိုက်နေရတာ...
နာရီခြားအခါခါ သွေးတွေသွင်းဖောက်
သောက်ရတဲ့ဆေးတွေကလည်း မနည်း
အရွယ်လေးနဲ့တောင် မလိုက်
တစ်ချက်တစ်ချက် ရှိုက်သံသဲ့သဲ့လေးက
အဖေ့ရင်ကို တိုက်စား
ယောကျာ်းဆိုတဲ့ အားမာန်ထဲက
အလံဖြူလေးတစ်စ လွင့်လာခဲ့ပေါ့
အဖေ့မျက်ဝန်းမှာ မျက်ရည်စတွေနဲ့ပါသမီးရယ်။
 
နှာခေါင်းစည်းတွေထဲက
ဒင်ဂီး...ဒင်ဂီး အဆင့်လေးငါး
အဖေ ဘာမှမကြားချင်တော့ပါဘူး
အဖေ့အနားမှာ ရှိနေတာက
မချိတဲ့ သမီးလေးဝေဒနာ
အဖေ ရင်တွေနာရပါပေါ့သမီးလေးရယ်...။

အဖေ့ကဗျာတွေက သမီးကို မသန်မာစေနိုင်တော့ဘူး
အဖေ့ကာရန်တွေနဲ့ သမီးကို ရံမထားနိုင်တော့ဘူး
အဖေ့စကားလုံးတွေနဲ့ သမီးကို လွှမ်းခြုံမဖုံးနိုင်တော့ဘူး....
အို...ဘာပဲဖြစ်ဖြစ် အားတင်းထားလိုက်စမ်းသမီး
သမီးကြိုက်တဲ့ သီချင်းလေးထဲကလို
ပစ်တိုင်းထောင်က သမီး
သမီးက ပစ်တိုင်းထောင်
ပစ်ချင်သလို ပစ်သာချ
အခုပဲ နိုးထလိုက်ပါတော့လား သမီးရယ်...။
 
ငါ့သမီးလေးနိုးလာရင် အားဆေး
ငါ့သမီးလေးနိုးလာရင် အားဖြစ်အောင်
ပစ်တိုင်းထောင် အရုပ်လေးတစ်ရုပ်ဝယ်ဖို့...။
လွယ်အိတ်ထဲက လက်ပြန်အထုတ်မှာ
မရေးရသေးတဲ့ ကဗျာတစ်ပုဒ်ဟာ
ရုတ်တရက် ထွက်ကျကွဲကြေသွားတယ်။
အို...နိမိတ်မရှိ နမာမရှိ
သမီးလေးရေ....။
သစ်ခက်အိမ် 
(April, 2011....မဟေသီမဂ္ဂဇင်း )

Saturday, January 14, 2012

သိုင်းကွက်



ဆုတ် တက် သိမ်း နှုတ်ရင်း
ခြေနင်းကွက် ကုန်သွား
အို....သိုင်းသမား

ဆောင်ဓားကို ရုပ်သိမ်း
ဒိုင်းကိုင်ပြီး ယိမ်းလိုက်ပုံက
တိုက်ကွက် ခံစစ်
သိုင်းကွက်သစ် ဗျူဟာ
ကမ္ဘာမှာ ရှာမှရှားဟေ့။

သစ်ခက်အိမ်

Thursday, January 12, 2012

တိမ်တောက်ချိန်



နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။

ငါ့ဘ၀ရဲ့...
နောက်ဆုံးအလင်းဟာ
အမှောင်ကို ချဉ်းကပ်
ငွေတစ်မတ်ကို ရှာနေချိန်။

လွန်ပြီးတဲ့...
အာရုံ၊ မွန်းတည့်အချိန်တွေမှာ
အ၀ိဇ္ဇာကိုခင်း
ငါ့ကိုငါထွင်းထု
ဘယ်ဟာအတု အစစ်
မသိမှုအမြစ်တွယ်
အသစ်အသစ်တွေနဲ့ ဆေးဆိုး
ပုပ်သိုးမသွားအောင် ငါ့ဟာငါပျိုး
ငါမျိုးကိုငါချစ်ခဲ့လို့
အခုတော့...
ခပ်ပျစ်ပျစ်အမှောင်ထဲ
နစ်ဝင်ဖို့ပြင်စဲ။

ဒီအချိန်မှာလည်း
ငါ့ဇိမ်တွေနဲ့ ငါ၊ ငါ့အိနြေ္ဒနဲ့ငါ
ငါ့အမှောင်နဲ့ငါ၊ ငါ့အရောင်နဲ့ငါ
ငါ့အတ္တနဲ့ငါ၊ ငါ့ဒဿနနဲ့ငါ
ငါ့ရိက္ခာနဲ့ငါ၊ ငါ့လိပ်ပြာနဲ့ငါ
ငါ့ရထားနဲ့ငါ၊ ငါ့တရားနဲ့ငါ
ငါ့မာနနဲ့ငါ၊ ငါ့ခ၀ါချမှုနဲ့ငါ
သာသာယာယာ...။

ဘ၀နေ၀င်ချိန်...
တိမ်ထဲက ထွက်ကျလာတဲ့ “ငါ”...
ရောင်စဉ်ဖြာ အလင်းမှိန်
အမှောင်မရောက်ခင် အချိန်မှာတော့
ငါ့ဘ၀ရဲ့နောက်ဆုံး...“ တိမ်တောက်ချိန်“ ။

သစ်ခက်အိမ် 
( June, 2009...Beauty Magazine )