Wednesday, December 7, 2011

လမင်းအိပ်မက်




ရွှေလင်ပန်းနဲ့ ဆီဆမ်းဟာ
လမင်းကြီးဆီမှာ
မယုံနိုင်ပါ သားသားသိ
လပေါ် စားစရာမရှိ။

ယုန်ပိစိလေး ဆော့ကစားကာ
အဘိုးအို ဆန်ဖွပ်တာ
မဖြစ်နိုင်တာ သားသားသိ
လပေါ် တောင်တန်းရှိ။

သားသားသိတဲ့ လမင်းဟာ
ဂြိုလ်ကြီးတစ်လုံးပါ
နောင်အခါ အရောက်သွား
သားသားဆန္ဒပွား။

လပေါ်တက်လို့ အောင်ပွဲယူ
နိုင်ငံ့အလံထူ
ဂုဏ်ယူချင်တယ် မြန်ပြည်သား
သားသားဇာနည်ဘွား။      ။

သစ်ခက်အိမ်

Monday, December 5, 2011

ဇုန်





တစ်မြေတည်းနေ
တစ်ရေတည်းသောက်ခဲ့ပေမယ့်
တောက်ပနေတဲ့မင်းကို
သူငယ်ချင်းဆိုပြီး လည်ပင်းမဖက်နိုင်။

အိမ်ကြက်ချင်း အားမပါမှာစိုး
ငါ့မျက်နှာ ငါအိုးမဲသုတ်
ပြုတ်အိုးထဲရောက်မှာ ကြောက်သလို...
မုန်ယိုတဲ့ဆင်၊ မာန်ဖီတဲ့ကျား
ဒီလိုအားမျိုးတွေနဲ့ မင်းကိုဧည့်ခံ
ဒါဏ်ရာတွေကလည်း နှစ်ဦးနှစ်ဖက်
ချွေးစက်က အက်ဆစ်တွေဖြစ်
လောင်ကျွမ်းပစ်ဖို့ ဆန္ဒတွေဆူပွက်
လျှံတက်လာတဲ့ မီးရမ္မက်
ပြိုင်ဖက်မင်းကို
မနှစ်လို၍ မဟုတ်။

ယုံဖို့မလွယ်တဲ့ အဖြစ်
ညီအစ်ကိုတမျှ အချစ်
စွန့်ပစ်ခဲ့တဲ့ငါ့ကို
အပြစ်ဆိုချင် ဆိုကြ
တစ်လောကလုံး စိတ်ကုန်ချင်လည်းကုန်
ငါ့ဘ၀ အဖုံဖုံကို 
ဘောလုံးတစ်လုံး ငုံပြီးပြောရရင်
တန်းဆင်းဇုန်ထဲမှာ....။        ။


သစ်ခက်အိမ်


ပရက်ရှာရှိတယ်






အိမ်မှာ...
၈၀-၁၃၀။


ဆေးခန်းမှာ...
၉၀-၁၅၀။


သစ်ခက်အိမ်

Sunday, December 4, 2011

ငြိမ်းချမ်းရေး






အမှတ်အသားတံဆိပ်
အလံတွေရဲ့အရိပ်ထဲ
အဖြူအမဲ
ဘယ်သူဗိုလ်လဲ
သဲသဲမဲမဲ။
အလဲထိုးစစ်တုရင်ကွက်တွေအစား
စန္ဒယားတီးကြရအောင်လားဗျာ။  ။


သစ်ခက်အိမ် 
(နိုဝင်ဘာလ... ၂၀၁၁...ပိတောက်ပွင့်သစ်မဂ္ဂဇင်း)

Friday, December 2, 2011

နမိတ်




သားရေပင်လေးတွနဲ့ ဆော့ကစား
သားလေးပျော်ရွှင်။


သားလက်ထဲက သားရေပင်
ဟိုချိတ် ဒီငင်
ကြယ်စင်ပုံဖြစ်....
တစ်ပင်နဲ့တစ်ပင်လိမ်
တစ်လိမ် နှစ်လိမ် သုံးလိမ်
အိမ်ဖြစ်သွား...
ပြီးတော့... စိန်သွား
ပြီးတော့... ဓားသွား
အမျိုးအစားစုံပေါ့...။


တကယ်တော့...
သားလက်ခံ ချိတ်ဆက်နေလို့သာ
ရုပ်ပုံလွှာတွေအဖြစ် အသက်ဝင်
သားမဆော့ချင်တော့တဲ့အခါ
သားလက်ကလေးကို ခါချကြည့်လိုက်
သားရေပင်လေးတွေဟာ
ဘာပုံရိပ်မှ ထင်မနေရစ်တော့...
အဲဒါပါပဲသား....
အဖေတို့ကမ္ဘာရဲ့ အနာဂါတ်နေ့ရက်တွေဟာ
သားတို့လက်ထဲမှာ...။


ပြောမယ့်သာပြောရတာ
ခုတောင် သားလက်နုနုလေးတွေဟာ
သွေးခြေနီနီတွေ ဥနေပါပေါ့....။


သစ်ခက်အိမ်
အောက်တိုဘာ ဗြူးတီးမဂ္ဂဇင်း

ထောင်စုနှစ်တစ်ခုဆီက ဖုန်းခေါ်သံ

 
ကျောက်တုံးတွေကို တွန်းတင်ဖို့
လိုအပ်တဲ့ ချွေးစက်များအတွက်
... ကျောပြင်ပေါ် ထွန်ယက်ဖို့
ကြာပွတ်နှင်တံ လိုအပ်ခြင်းကို
ပြားချပ်နေပြီဖြစ်သော ကမ္ဘာကြီးက
ခမ်းနားထည်ဝါစွာ ငြင်းပယ်ခဲ့ပြီး။

ဟန်းဖုန်းတစ်လုံး ခါးချိတ်ထားတယ်
ဖုန်းမြည်သံ အသံဆန်း
ရွှမ်း....ရွှမ်း....ရွှမ်း
ဧရိယာပြင်ပမှာ မလန်းတတ်တော့တဲ့
ငါတို့ဟာ... ဟလို... ဟလိုနဲ့ ကျေကျေနပ်နပ်
ဒြပ်ထုမဲ့ကြာပွတ်များရဲ့ ၀ိညာဉ်နှင်သံမှာ
ငါတို့ကျောပြင်တွေ အသင့်အနေအထား
နည်းပညာဒလိမ့်တုံးများထဲ ပုန်းနေတဲ့
ကျောက်တုံးတွေကို တွန်းတင်ဖို့လေ...။       ။
 
 
သစ်ခက်အိမ်
ပိတောက်နွယ်မဂ္ဂဇင်း ( နိုဝင်ဘာလ...၂၀၁၁)
 

ကောင်းဘွိုင်းများရဲ့ ဒုက္ခ






“ မြန်မာပြည်ကကောင်းဘွိုင် သေနတ်မပစ်ပါ
ဒါပေမယ့် သူ့အထာနဲ့သူပဲပေါ့...”


သီချင်းဟောင်းလေးရဲ့ ဘက်ကရောင်းမှာ
နွားမကျောင်း သေနတ်မကိုင်
ကောင်းဘွိုင်တွေက ဘွားကနဲ။


ကောင်းဘွိုင်တွေရဲ့ စခန်းမှာ
ကျွမ်းကျင်မှုအတတ်နဲ့
ပစ်ခတ်မှုစွမ်းရည်ပြိုင်ပွဲ
အမြဲမပြတ်ရှိတယ်....
ပစ်မှတ်နှစ်ခုတွဲကို
တစ်ခုတည်းအမြင် စီမံ
ပဉ္စလက်ဆန်ဆန် တစ်ပြိုင်တည်းမှန်မှ
အလံဆုရမှာမို့
နင်းထားတဲ့ကျမ်းတွေနဲ့ ထိုးခွဲ
ဝင်္ကပါအနက်တွေ ပစ်လွှဲ
ကောင်းဘွိုင်တွေ ကျားကုတ်ကျားခဲ...
တစ်ချိန်တည်းမှာပဲ
သက်စောင့်ဓါတ် အတိမ်အနက်ကလည်း
တည့်တည့်ချိန်ဖို့ ခွင့်ပြုမထားတော့
လိမ်ပြီးပစ်လိုက်တိုင်း လွဲလွဲသွားတာအခါခါ
ကြာတော့လည်း လက်ပမ်းကျ
ဟာသတစ်ပုဒ်လို ရယ်နေကြရော့မယ်။


ပစ်မှတ်ငြိမ်တွေဆိုရင်လွဲ
မချိန်ဘဲပစ်ရင်တောင်
ရှောင်လိုက်တဲ့သားကောင်မှ ရွေးမှန်
တစ်ခါတစ်ရံ ကောင်းလိုက်တဲ့ခင်ဗျားရဲ့ကံ
ကျုံတိုင်းရွာသား မြိုင်ရာဇာကိုတွတ်ပီရေ...
ခင်ဗျားဆီက ကံတရားနဲ့
ခင်ဗျားရဲ့လက်စွဲတော်
ကောင်းဘွိုင်တွေကို ခဏငှား
လွဲနေတာတွေ များနေလို့ဗျို့။


ဘာ! မသေးမျှင်ကို တိုင်ပင်ရဦးမယ်
ဟာ! ဒါဆို... ခင်ဗျားလည်း ကောင်းဘွိုင်တွေလိုပဲပေါ့။



သစ်ခက်အိမ်
ပန်းအလင်္ကာမဂ္ဂဇင်း