Saturday, January 14, 2012
Thursday, January 12, 2012
တိမ်တောက်ချိန်
နေ့တစ်နေ့ဟာ
သူ့ရဲ့ခန္ဓာအဟောင်းကို
သူ့အခေါင်းထဲ သူထည့်ဖို့ပြင်
နေ၀င်ဖို့အဆင်း။
ငါ့ဘ၀ရဲ့...
နောက်ဆုံးအလင်းဟာ
အမှောင်ကို ချဉ်းကပ်
ငွေတစ်မတ်ကို ရှာနေချိန်။
လွန်ပြီးတဲ့...
အာရုံ၊ မွန်းတည့်အချိန်တွေမှာ
အ၀ိဇ္ဇာကိုခင်း
ငါ့ကိုငါထွင်းထု
ဘယ်ဟာအတု အစစ်
မသိမှုအမြစ်တွယ်
အသစ်အသစ်တွေနဲ့ ဆေးဆိုး
ပုပ်သိုးမသွားအောင် ငါ့ဟာငါပျိုး
ငါမျိုးကိုငါချစ်ခဲ့လို့
အခုတော့...
ခပ်ပျစ်ပျစ်အမှောင်ထဲ
နစ်ဝင်ဖို့ပြင်စဲ။
ဒီအချိန်မှာလည်း
ငါ့ဇိမ်တွေနဲ့ ငါ၊ ငါ့အိနြေ္ဒနဲ့ငါ
ငါ့အမှောင်နဲ့ငါ၊ ငါ့အရောင်နဲ့ငါ
ငါ့အတ္တနဲ့ငါ၊ ငါ့ဒဿနနဲ့ငါ
ငါ့ရိက္ခာနဲ့ငါ၊ ငါ့လိပ်ပြာနဲ့ငါ
ငါ့ရထားနဲ့ငါ၊ ငါ့တရားနဲ့ငါ
ငါ့မာနနဲ့ငါ၊ ငါ့ခ၀ါချမှုနဲ့ငါ
သာသာယာယာ...။
ဘ၀နေ၀င်ချိန်...
တိမ်ထဲက ထွက်ကျလာတဲ့ “ငါ”...
ရောင်စဉ်ဖြာ အလင်းမှိန်
အမှောင်မရောက်ခင် အချိန်မှာတော့
ငါ့ဘ၀ရဲ့နောက်ဆုံး...“ တိမ်တောက်ချိန်“ ။
သစ်ခက်အိမ်
( June, 2009...Beauty Magazine )
Tuesday, January 10, 2012
သတိ ရပ်၊ ကြည့်၊ သွား
မီးပွိုင့်မှာ သတိချပ်
ရပ်၊ ကြည့်၊ သွား
ကားပေါင်းများစွာ...။
အနီရောင်...ပူလောင်
သရုပ်ဆောင် မီးတောက်
တို့လျှောက်မယ့် ခရီး
ဒုက္ခမီးနဲ့တွေ့ရင်
ရွေ့လျားစိတ်တွေ ခဏရပ်
ကိုယ့်ကိုကိုယ် အသိကပ်ဖို့။
အရောင်က အ၀ါ
တို့ “ဘာသာ“ အထိမ်းအမှတ်...
တရားမြတ်ရေအေး
တို့စိတ်တွေ သန့်အောင် “ ဆေး” ဖို့
အချိန်ပေးသုံးသပ်
တွယ်ကပ်နေတဲ့အပူတွေ
မြေကျသည်အထိ။
အစိမ်းရောင်...တောအုပ်
အေးချမ်းမှုနဲ့ နုပျို
စိမ်းစိုစို တို့ရဲ့လမ်းထဲ
မြရည်ဆမ်း လန်းဆန်းလာ
တို့ထွက်ခွာ
လိုရာခရီး။
ဘ၀လမ်းဆုံတိုင်းမှာ သတိချပ်
ရပ် ကြည့် သွား
မိုင်ပေါင်းများစွာ...။
သစ်ခက်အိမ်
( August, 2009...ပန်းအလင်္ကာမဂ္ဂဇင်း )
မြွေကပွဲ
သဘာဝကောင်းကင်ထဲက ခွဲထုတ်
ပခြုပ်ထဲမှာ ထည့်ခံထားရတဲ့ မြွေတွေ...မြွေတွေ..
အလမါယ်ဆရာရဲ့ ဆေးအဖုံဖုံစား
ယဉ်ပါးလာတဲ့ မြွေတွေ...မြွေတွေ..။
တံခါးပေါက်ကလေးထဲက ရာသီစာ
ဖားလေးကျလာ ငါးလေးကျလာ
ခဲဖွယ်သုဒါ လျှာမှာအရသာငုတ်စွဲ
ဒီပခြုပ်ထဲမှာပဲ ပျော်တယ်...ပျော်တယ်။
အိပ်မယ်စားမယ်...ယိမ်းမယ်ကမယ်ပေါ့။
မြွေတွေကနေတယ်...မြွှေတွေကနေတယ်
တကယ်...တကယ်...တကယ်အမှန်က
အကြွေသံမသိ ပလွေသံမသိ
ဇိမ်ရှိရှိ ယိမ်းနေလိုက်တာ
ဘိန်းမိထားသလို မြွေတွေ..မြွေတွေ
ရေရေလည်လည် မိုက်တယ်။
သစ်ခက်အိမ် ( october, 2010, ပိတောာက်ပွင့်သစ်မဂ္ဂဇင်း)
Subscribe to:
Posts (Atom)