Friday, March 16, 2012

ငှက်တစ်ကောင်ရဲ့ သုညတောင်ပံ





တောင်ပံတစ်စုံဟာ
သဘာဝကပေးတဲ့ မွေးနေ့လက်ဆောင်
ကာလဆေးဆရာရဲ့ ကြိမ်လုံးအောက်မှာ
တဖြေးဖြေး သန်မာလာ...
လေဆန်မှာ မာန်ပါပါပျံနိုင်ဖို့
အိပ်မက် အခါခါ။

ရာသီတွေ ခရီးဆက်
မြေပုံ ကောင်းကင်ထက်မှာ
ဗီဇပြောင်း သင်ရိုးအကုန်
အတောင်စုံ ကြော့ကြော့
ခေါင်းမော့မော့နှင့်။

သင့်တင့်ချိန်ခါ ရောက်လာပြန်တော့
သန်လို့မာလို့ ပျံသန်းဖို့စိတ်တွေနိုးထ
ပြည့်စုံမှုအဆင်းနဲ့ မြူးကြွ
တောင်ပံအလှ ဖြန့်လျက်
အာကာထက် ဆန့်တက်ထအပျံ
ငှက်တစ်ကောင် ကောင်းကင်အိပ်မက်
ကမ္ဘာဖျက်ခဲမှန်။

တွန်သံယောင်နန၊ တောင်ပံဟဟ
ပျံမရကြွမရ၊ အနန္တသောကပွေ
နဝေတိမ်တောင်
အူကြောင်ကြောင်အတွေးနဲ့ ကျောထဲစိမ့်
“ငါဘာကောင်ပါလိမ့်” ...
နိမ့်ကျဗီဇ ပြင်မရအောင်
အချိန်နှောင်း အမှောင်ထဲ
စုတ်ပြဲသွားတဲ့ စိတ်တွေ
အတိတ်လက်တံရှည် ဓားက
အုပ်မိုးထားစဲ။

အိပ်မက်ထဲက ကောင်းကင်
လောကရင်ပြင်ထဲ ပျံဝဲချင်တဲ့ ဆန္ဒ
လောင်ကျွမ်းပြာကျ
မြေပြင်ပေါ်က မကြွ
ကောင်းကင်ယံကိုလည်း မရောက်
အဖန်ဖန် ကြိုးစားရင်း အမောဖောက်
စိတ်ထဲက “တောက်” ခေါက်သံ
နံရံက ခံနေတော့
သူ့အသံက သူ့ကိုယ်သူပြန်မှန်တဲ့ မြားတစ်စင်း
အရှိန်အပြင်းဆုံးနဲ့ ရင်ကိုဖြတ်
ခန္ဓာပစ်မှတ်ဟာ တရစပ်နာကျင်
မချိတင်ကဲ ရင်ကွဲဒူးထောက်။

တောင်ပံ တစ်ဖျပ်ဖျပ်အောက်မှာတော့
နာကျင်မှုတွေရဲ့ အနားသတ်အဆုံး
ပုန်းနေတဲ့ ကဗျာတစ်ပုဒ်ဟာ
သွေးဆုတ်တဲ့မျက်နှာ
ကာရံလွဲ အဆိပ်တက်
ကောင်းကင်ပြာ အိပ်မက်တန်ခိုးနဲ့
မနိုးတမ်း အိပ်စက်။



သစ်ခက်အိမ်
       
        

1 comment:

  1. &ရင်နှင့်ခံစားဖတ်ခဲ့ပါတယ်

    နာကျင်မှုတွေရဲ့ အနားသတ်အဆုံး
    ပုန်းနေတဲ့ ကဗျာတစ်ပုဒ်ဟာ
    သွေးဆုတ်တဲ့မျက်နှာ
    ကာရံလွဲ အဆိပ်တက်-----စာလုံးသုံးထားတာတွေလှတယ်

    ReplyDelete