ပါးကွက်ကြား မလေးရဲ့ အသွေးအသားကို မသောက်မစား မယစ်မမူး ခဲ့ပါဘူးလို့ ကျိန်ဆို ကြည့်ဖို့ မကြိုးစား လိုက်ပါနဲ့ ခင်ဗျား ကိုယ်ထဲက မိုးကြိုးသွား တစ်စင်း ဖောက်ထွက်လာ လိမ့်မယ်။ တကယ်တော့ ပါးကွက်ကြား မလေးကို ခင်ဗျားပေး ခဲ့တဲ့ ရဲရဲတောက် ကတိ သစ္စာတွေဟာ စပါတာ ကပ်ခေတ်ရဲ့ အဆင် အသွေးကို အယိမ်း အနွဲ့ယူ မိတ္တူ ဆန်ခဲ့တယ်။ ပါးကွက်ကြား မလေးရဲ့ မျှော်လင့်ချက် ခြေလှမ်းအောက်က မြေဆိုင် မြေသားတွေနဲ့ ခင်ဗျားရဲ့ ခမ်းနား ထည်ဝါမှုကို အဆောက်အဦ ဖွဲ့ခဲ့တယ်။ ခင်ဗျားရဲ့ ဂဏန်းပေါင်းစက် ပေါ်က အက္ခရာ နံပါတ်တွေရဲ့ မှော်ဝတ်ရုံထဲ ပါးကွက်ကြား မလေးရဲ့ အနှစ်အသား တွေကို မျက်လှည့် ဆန်ဆန် တန်ဖိုးဖြတ် ခဲ့တယ်။ ပါးကွက်ကြား မလေးရဲ့ ရိုးရှင်းတဲ့ ရိတ်သိမ်းမှု တွေကို ခင်ဗျားက သူမရဲ့ မျက်စိတစ်ဆုံး ကိုကျော်ပြီး ခင်ဗျားကိုယ် ခင်ဗျား ထုပ်ပိုးခဲ့တယ်။ ခင်ဗျား ကိုယ်ထဲက ထထတောက်တဲ့ ရမ္မက် မီးတောက် တွေကလည်း ပါးကွက်ကြား မလေးရဲ့အိမ်က လင်းကြက် တွန်သံကို ဘယ်တုန်းကမှ မစောင့် ခဲ့ဘူး။ ပါးကွက်ကြား မလေးရဲ့ ရိုးစင်းတဲ့ အသွဲ့အနွဲ့ ကိုတောင် ခင်ဗျားရဲ့ အငယ်အနှောင်း နေရာမှာ အိမ်မဆောင်ခဲ့ မီးမပြောင် ခဲ့ဘူး။ ယုတ်စွအဆုံး အသက်ရှု ကွဲခြင်း ဆိုတဲ့ စက်မှု ခေတ်ဦး ပုပ်သိုး သီအီုရီလို ခင်ဗျားနဲ့ သူမရဲ့ကြားက စည်းရိုးကို သံမဏိကြိုး နဲ့ရက်ဖို့ ကြိုးစား ခဲ့တယ်။ အခုတော့ ပါးကွက်ကြား မလေးဟာ ခင်ဗျား စိတ်တိုင်းကျ မုန်တိုင်း ဆင်ခဲ့တဲ့ အိုင်လေး တစ်ခုလို ပါးကွက်ကြား မလေးရဲ့ ကျောက်ပေါက် မာတွေကို ခင်ဗျားရဲ့ နီယွန် မီးရောင်တွေနဲ့ ဖာထေးလို့ မရတော့ဘူး။ ပါးကွက်ကြား မလေးရဲ့ အသားညို မောင်းမောင်းမှာ ခင်ဗျား တင်သွင်း ချွေးသိပ်ထားတဲ့ တန်ဖိုးနည်း မိတ်ကပ်တွေ မစွဲတော့ဘူး။ ပါးကွက်ကြား မလေးရဲ့ မြန်နှုန်းမြင့် အသက်ရှုသံကို ခင်ဗျားရဲ့ ဘယ်ခေတ်မီ ဆေးဝါးနဲ့မှ အရည်ဖျော်ချ လို့မရတော့ဘူး။ ခင်ဗျားဆီက ကူးစက်ခံ ရတဲ့ ဗိုင်းရပ်စ်တွေ ကြောင့် ပြောင်းပြန်စီး နေတဲ့မိရိုးဖလာ တွေကို ခင်ဗျား တံတွေး တစ်ချက် ကလေးတောင် မမြိုချ နိုင်တော့ဘူး။ ပါးကွက် ကြားမလေးရဲ့ ဖြစ်တည် ရှင်သန်မှုဟာ ခင်ဗျားနဲ့ ခင်ဗျားရဲ့ လက်ခမောင်း ခတ်ဖော်ခတ်ဖက် တောကြောင်တွေရဲ့ မီးသင့် လောင်နေတဲ့ ချောင်တစ်ချောင်မှာ ကျားနာမလေး တစ်ကောင်ရဲ့ မာန်ဖီသံ တွေနဲ့ ခင်ဗျားဂုတ်ပေါ် ခင်ဗျားကိုယ်တိုင် တစ္ဆေတစ်ကောင် ခွစီး ထားသလို ပါးကွက်ကြား မလေးရဲ့ နာနာကျင်ကျင် အကြည့်စိမ်းစိမ်း တွေနဲ့ ခင်ဗျား တစ်ဖက်သတ် ရေးဆွဲထားတဲ့ သဘောတူ စာချုပ်ထဲက ခင်ဗျားရဲ့ မော်ကွန်း ခင်ဗျားရဲ့ ၀ိညာဉ် ခင်ဗျားရဲ့ နှလုံးသား အားလုံးရဲ့ အသက်ဝင် ဂုဏ်မြောက် မှုတွေကို ခေတ်တစ်ခေတ်ရဲ့ ကန့်လန်ကာ အဖွင့်မှာ ကာလ ကြာဝှက် ထားခဲ့ရတဲ့ သူမရဲ့ လက်သည်းချွန် တွေဟာ အသင့် အနေအထား နဲ့ပေါ့။ ဒီလိုနဲ့ ပါးကွက်ကြား မလေးရဲ့ စည်းချက် မမှန်တော့တဲ့ နောက်ခံ ဂီတ နှလုံးခုန်သံမှာ ခင်ဗျားရဲ့ မီးရောင်အောက်က ကကြိုး ကကွက်တွေ ကစဥ့်ကလျား။ ခင်ဗျားရဲ့ နုပျိုသစ်လွင် လာရမဲ့ အဆီ အသွေးတွေဟာ သက္ကရာဇ် တွေရဲ့ ချည်နှောင်ခံ ထားရမှုမှာ အရောင်တွေ မှိန်ဖျော့လို့။ ခင်ဗျားရဲ့ လက်မ ထောင်နိုင်မှု ဂုဏ်သိက္ခာဟာလည်း လက်ညှိုးထိုး ကဲ့ရဲ့ခြင်း ဒဏ်ရာ ဒဏ်ချက် တွေနဲ့ပေါ့။ တစ်ခုတော့ဗျာ သံယောဇဉ် လက်ကျန် သင်္ကေတလေး ဖြစ်လေမလား ပါးကွက်ကြား မလေးရဲ့ ပါးကွက်ကြား ပေါ်မှာ မျက်ရည်မြစ်လေး တစ်စင်း စီးဆင်းနေ သေးရဲ့။ အဲဒါ ခင်ဗျားရဲ့ ကန္တာရ ဆန်ဆန် အရောင်လွင့် လာတဲ့ ရာသီဥတုထဲက နောက်ဆုံး အိုအေစစ်လေး တစ်ခုပဲ။ ခင်ဗျားရဲ့ အဆုံးစွန်ရိုးသားမှုနဲ့ တည်ဆောက်ထားတဲ့ ညှို့ငင် ဆွဲယူနိုင်မှု။ ခင်ဗျားရဲ့ အပျော့၊ အပြောင်း၊ အချွဲ၊ အနွဲ့၊ အချော့၊ အမြှူ နည်းဗျူဟာ မြောက်မှု တွေရဲ့ နောက်ဆုံး မျှော်လင့်ချက် နောက်ဆုံး အခွင့်အရေး တစ်ခုပဲ။ ကျန်ရစ် နေနိုင်သေးတဲ့ လက်ကျန် သံယောဇဉ် ကြိုးလေးကို ခင်ဗျားရဲ့ အတ္တတွေ ထဲက ဖဲ့ပြီး ဒါ လက်ကျန် သံယောဇဉ် ကြိုးလေးပါလို့ သူမ ကြားနိုင် လောက်တဲ့ ဘာသာ စကားကို ရှာဖွေရင်း သူမ မြင်နိုင် လောက်တဲ့ ပုံရိပ် တစ်ခုကို ထုဆစ်ရင်း အချိန်ကာလ တစ်ခုကို ခင်ဗျား စိုက်ပျိုးထား ရလိမ့်မယ်။ ပါးကွက်ကြားမလေးရဲ့ မျက်ရည် တွေကြားက အပြုံးလေး တစ်ခု ဖူးပွင့်လာတဲ့ ထိပေါ့။ ပြီးရင်တော့ ခင်ဗျားနဲ့ ခင်ဗျားရဲ့ အသိုင်းအ၀ိုင်းက ဘယ်လိုဘဲ သဘော မတူ၊ မတူ ခင်ဗျား သူ့ကို လက်ထပ်ယူရ လိမ့်မယ် ခင်ဗျားတို့ မင်္ဂလာပွဲမှာ ခင်ဗျား ကိုယ်တိုင် သီဖွဲ့ထားတဲ့ “နင်ဟာ ငါ့ဘ၀”ဆိုတဲ့ အခါတော်ပေး သီချင်းလေး ဖွင့်ပြီး တော့ပေါ့။ ။ သစ်ခက်အိမ် (ဆင်းရဲမွဲတေမှု ပပျောက်ရေးမှ ဆင့်ပွား ခံစား ရေးဖွဲ့သည်။) (Teen မဂ္ဂဇင်း ဒီဇင်ဘာလ ၂၀၁၂) |
Last Updated on Thursday, 13 December 2012 17:33 |
Sunday, December 23, 2012
ပါးကွက်ကြားမလေး
Subscribe to:
Posts (Atom)