Monday, December 19, 2011

မီနူး




ကန့်သတ်မဲ့နယ်မြေ
စိတ်လိုအင်တွေရဲ့ ချဉ်ခြင်းတပ်မက်မှုတွေက
သက္ကာယ စားပွဲပေါ်မှာ...

အသားလား အသီးအနှံလား
အရွက်စုံလား
အဆာပြေလား အ၀စားမလား
ကြော်မလား ချက်မလား
ငါတို့ “စား” သောက်ဖို့ရယ်က
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။

အဖြူလား အစိမ်းလား
ဝါနီပြာလား
တိုက်ပုံလား တီရှပ်လား
ရင်ဖုံးလား လည်ဟိုက်လား
ထိုင်မသိမ်းလား စကပ်တိုလား
ငါတို့  “၀တ်”ဆင်ဖို့ရယ်က
အထူးရွေးချယ်စရာ 
မီနူးတွေက အများကြီး။

တစ်ထပ်လား နှစ်ထပ်လား
အထပ်များများလား
တိုက်ခန်းလား လုံးချင်းလား
အသစ်လား အဟောင်းလား
အုတ်နဲ့လား သစ်နဲ့လား ၀ါးနဲ့လား
ငါတို့ “နေ”ထိုင်ဖို့ရယ်က 
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။

ကဗျာလား  အက်ဆေးလား
ဆောင်းပါးလား လုံးချင်းလား
ဝတ္ထုရှည်လား ၀တ္ထုတိုလား
အကျိုးပြုလား အပျော်ဖတ်လား
ငါတို့  “ရေး”သားဖို့ရယ်က
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။

မြတ်နိဗ္ဗာန်လား
သိကြားဘုံလား ဗြဟ္မာဘုံလား
နတ်ဘုံလား လူ့ဘုံလား
ဒါမှမဟုတ်
အပ္ပါယ်လေးဘုံလား
ငါတို့ “သွား”ဖို့ရယ်က 
အထူးရွေးချယ်စရာ
မီနူးတွေက အများကြီး။


သစ်ခက်အိမ်

1 comment:

  1. မီနူးတွေ ရှိနေရက်နဲ့ ....
    တစ်ခါတစ်ခါ မရွေးချယ်တတ်ခဲ့ဘူး...
    တစ်ခါတစ်ခါ ကြုံရာရွေးချယ်မိခဲ့ဘူးတယ်...
    တစ်ခါတစ်ခါ ရွေးချယ်ဖို့ကို မေ့နေမိတယ်....
    တစ်ခါတစ်ခါ ရွေးချယ်မှုတွေ မှားနေခဲ့တယ်...
    တစ်ခါတစ်ခါ မှန်ကန်တဲ့ရွေးချယ်မှုဖြစ်ခဲ့ပေမယ်...နောက်တစ်ခုကို ထပ်ရွေးချယ်ချင်နေမိပြန်တယ်...။

    ReplyDelete